သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Friday, June 1, 2012

မိုး (သို့မဟုတ်) အပျော်ဆုံးအချိန်



မိုး......
ငယ်ငယ်ကမိုးရွာတော့မယ်ဆိုရင် အရမ်းပျော်ခဲ့ရပါတယ်။ မိုးလေးအုံ့ပြီဆိုတာနဲ့ မိုးရေချိုးဖို့က အသင့်ပြင်ပြီသား...။ ကျနော်တို့ယောင်္ကျားလေးတွေအတွက် မိုးရေထဲမှာ ဘောလုံးကန်မလား။
လျှောက်ပြေးကြမလား။ ကျောက်ဒိုးရိုက်ကြမလား။ ချောင်းတွေမြောင်းတွေထဲဆင်းဆော့ကြမလား။ ဒါမှမဟုတ် မြစ်ကမ်းနားမှာ ရေသွားကူးကြမလား။ အရမ်းပျော်ဖို့ကောင်းတဲ့ ငယ်ငယ်က မိုးရာသီကို လွမ်းဆွတ်မိပါတယ်။ မိုးရွာလို့ လူကြီးတွေရဲ့ စီးပွားရေးကိစ္စတွေ ဘာတွေ ကောင်း/မကောင်း နားမလည်... ကိုယ်တွေကပျော်နေခဲ့တာ...။ အခုချိန်ထိ မိုး..ကအကြိုက်ဆုံးရာသီဖြစ်နေဆဲ။ အပြင်မှာမိုးတွေရွာနေတုန်း အိမ်ထဲမှာ စောင်ခြုံပြီးကွေးနေရတာလောက်

အရသာရှိတာ ကမ္ဘာပေါ်မှာနောက်ထပ်မရှိခဲ့။ အရွယ်ကလေးနဲနဲရောက်လာတော့ မိုးလေးအုံ့လာပြီဆိုရင် ဘာကိုလွမ်းလို့လွမ်းမှန်းမသိ တခုခုကိုလွမ်းနေရတာက အရသာတစ်မျိုး (မိုး နဲ့ပတ်သတ်ပြီးဇာတ်လမ်းရှိခဲ့သူတွေက ပိုလွမ်းကြပါလိမ့်မယ်)။ တချို့က မိုးရာသီကိုမကြိုက်ကြ။ သူတို့ရဲ့ အများဆုံးအကြောင်းပြချက်ကတော့ မိုးရွာရင် သွားရလာရတာ အဆင်မပြေခြင်းပါ။ သူတို့တွေလဲမှန်ကြပါတယ်။ တခါတခါတော့လည်း မိုးက စိတ်ပျက်စရာပါ။ ကျနော်တို့လို နယ်ကသူတွေ အဖို့တော့ မိုးရာသီငယ်ဘ၀ဟာ တစ်သက်တာ မမေ့နိုင်စရာပါ။ မိုးရာသီ ကျောင်းတက်/ကျောင်းဆင်းချိန် ကလည်းပျော်စရာကြီး။ ထီးအသစ် မိုးကာအင်္ကျီအသစ်လေးတွေနဲ့ ကြွားလုံးထုတ်ဖို့ဆိုတာလည်း မိုးရွာမှဖြစ်မှာကိုး။ မိုးမိလို့ဖျားပြီး အိမ်မှာနေရတာကလဲ အရသာတစ်မျိး။ ယခုခေတ်ရဲ့ ချာတိတ်တွေကတော့ ကျနော်တို့တုန်းကလို ခံစားခွင့်ရပါ့မလားတော့မသိ။ ကျနော်တို့တုန်းက သီချင်းလေးထဲကလို မိုးရွာရင်မိုးရေချိုးမယ်....မေမေလာရင်နို့စို့မယ်....ဖေဖေလာရင်အုန်းသီးခွဲစားမယ်...ဆိုသလို အမေ့နို့မစို့၊ အဖေ့နဲ့အုန်းသီးခွဲမစားဖြစ်ပေမယ့် မိုးရေကတော့ မိုးရွာတိုင်း ချိုးပြီးသားပါ။ မိုးရေချိုး အဆော့လွန်လို့ဖျားရင်တော့လည်း ခံပေရော့ပဲဗျို့။ ဘာပဲဖြစ်ဖြစ် ခုချိန်ထိ မိုးက ကျနော့်အတွက် အချစ်ဆုံးရာသီအဖြစ်တည်ရှိနေဆဲပါပဲ။ ဒီစာလေးကိုရေးဖြစ်ခဲ့တာကလည်း အခုမြင်နေရတဲ့ ပုံလေးကိုကြည့်မိရင်း ငယ်ငယ်က အကြောင်းလေးတွေ ပြန်တွေးမိပြီး ရေးချင်စိတ်ပေါက်လာလို့ဖြစ်ပါတယ်။ ဒီစာလေးကိုဖတ်မိသူတိုင်း ဖတ်နေရင်းနဲ့ မိမိရဲ့ မိုးရာသီ ငယ်ဘ၀လေးကိုတချက်ပြန်တွေးမိလို့ အပြုံးလေးတစ်ချက်လောက်ဖူးပွင့်လာခဲ့ရင် ကျနော် ရေးရကျိုးနပ်ပါပြီ။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့