သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Popular Posts

Sunday, June 3, 2012

ဒုက္ခသည် ကျောင်းသူကျောင်းသားတွေ အကူအညီလို

ဒုက္ခသည် ကျောင်းသူကျောင်းသားတွေ အကူအညီလို

အခု ဇွန်လ ကျောင်းဖွင့်ရာသီမှာ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်း
ကျောင်းသူကျောင်းသားတွေ ပိုများလာသလို သူတို့တတွေ ကျောင်းတက်ဖို့
အတွက် စာရေးကိရိယာကအစ အကူအညီတွေ အများကြီးလိုနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းဝင်း အတွင်းက ဒုက္ခသည်စခန်း တစ်ခုမှာဆိုရင် မူလတန်းကနေ ၁၀ တန်းအထိ ကျောင်းတက်မဲ့ ဦးရေ မနှစ်က ရာဂဏန်းလောက်သာ ရှိပြီး ဒီနှစ်တော့ တစ်ထောင်လောက် ရှိလာတဲ့အတွက် အကူအညီတွေ လိုအပ်နေတဲ့ အကြောင်း စခန်းကော်မီတီဝင် တစ်ယောက်က ခုလို

ပြောပြပါတယ်။

"ကျောင်းသားက ကျနော်တို့ စခန်းမှာတင် တစ်ထောင်ကျော်သွားတယ်ဗျ။ ကျနော်တို့ ၀င်းထဲမှာတင် အလက ၃ ကျောင်းတစ်ကျောင်း ရှိတယ်။ အဲဒီကျောင်းဝင်းထဲမှာပဲ လက်မခံနိုင်အောင်ဖြစ်တယ်။ ကျောင်းသား အဲလောက်များတဲ့အခါ ကျတော့ စာအုပ်တို့ ကျောင်းဝတ်စုံတို့
ထောက်ပံ့ပေးမဲ့ဟာလဲ အခုအချိန်မှာ ပြဿနာဖြစ်နေတယ်ဗျ။
ကျောင်းဝတ်စုံက မူလတန်းကလေးဆိုရင် တစ်စုံကို ၅၀၀၀ လောက်
ကျမယ်။ ဗလာစာအုပ်တို့ ခဲတံတို့လိုသေးတယ်။ မနှစ်တုံးက ဒုက္ခသည်တွေကျတော့ ကလေးတွေက ၂၀၀ ကျော်ပဲရှိတယ်ဗျ။ အဲဒီတုံးကျတော့ ကူညီတဲ့လူနဲ့ လုံလောက်သွားတယ်။"

ဗန်းမော်မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၄ ခုရှိပါတယ်။ အဲဒီစခန်း တစ်ခုတည်း
မှာပဲ မူကြိုကျောင်းထားနိုင်တဲ့ ကလေးအရွယ် ၂၀၀ ကျော် ၃၀၀ လောက် ရှိပြီး သူတို့အတွက် ဘာမှ မစီစဉ်ပေးနိုင်ဘူးလို့လည်း သူကပြောပါတယ်။ တချို့ကလေးတွေဆိုရင် သွားရမဲ့ ကျောင်းကဝေးနေတာကြောင့် သူတို့ကျောင်းသွားကျောင်းပြန်အတွက် အတော်လေး စိုးရိမ်စရာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တခြား ဒုက္ခသည်စခန်းတွေ ရှိနေတဲ့ တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်နဲ့ တရုတ်နိုင်ငံ နောင်တောင်း ဒေသမှာလည်း ကျောင်းတက်သူ
ဦးရေ တိုးလာသလို သူတို့အတွက် နေရာထိုင်ခင်းနဲ့ စာရေးကရိယာတွေ လုံလောက်မှု မရှိတဲ့အကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူ ဆရာမတစ်ယောက်က ပြောပြပါတယ်။

"ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရဘက်ကဖွင့်ထားတဲ့ကျောင်းတွေရော
ကေအိုင်အို ဘက်ကဖွင့်ထားတဲ့ကျောင်းတွေရော မဖွင့်ရတဲ့အခါကျတော့ အဲဒီကလေးတွေက မိုင်ဂျာယန်ဘက်ကိုရောက်လာကြတယ်။ အရေးပေါ်နေရာထိုင်ခင်းကအစ စီစဉ်ရတဲ့ဟာတွေ ရှိတယ်။ မနှစ်က ၁၀၀ ကျော်ရှိတယ်။ ပြီးခဲ့တဲ့ တစ်ပတ်နှစ်ပတ်အတောအတွင်းက
ရောက်လာတာတောင် ၁၀၀ ကျော်ပေါ့။ ကျောင်းဝင်လက်မှတ်တို့ ဘာတို့ ဘယ်သူမှ မစီစဉ်ပေးတဲ့အခါကျတော့ အကုန်လုံးက မိုင်ဂျာယန်ဘက်ကို
ပဲရောက်လာကြတယ်။ ကေအိုင်အို ဖွင့်တဲ့ကျောင်းနဲ့ တရုတ်ပြည်
နောင်တောင်းဘက်မှာ ကျတော့ မူလတန်းကျောင်းရယ်လို့တော့ မဟုတ်ဖူး။ သူငယ်တန်း တစ်တန်း နှစ်တန်း အဲဒီမှာဖွင့်တယ်။ ကလေးတွေအတွက်တော့ ဗလာစာအုပ်တို့ ပုံနှိပ်စာအုပ်တို့ ကူထားတဲ့ဟာ ရပြီ။ အလယ်တန်းနဲ့ အထက်တန်းအတွက်က လုံးဝ ဘာမှ မရှိသေးဘူး။"

ကေအိုင်အို ဌာနချုပ်ရှိရာလိုင်ဇာမှာ အထက်တန်းကျောင်းအထိ ရှိပေမဲ့ ဒုက္ခသည်စခန်းကနေ အဲဒီကို သွားတက်ဖို့ဆိုတာ အတော်လေး အလှမ်းဝေးနေတယ်လို့ သိရပါတယ်။

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ ရဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေး
တိမ်းရှောင်နေရတဲ့ ဒုက္ခသည် ဦးရေ ၇၀၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ
ကေအိုင်အိုက တာဝန်ယူ ကူညီ စောင့်ရှောက်နေတဲ့ ဒုက္ခသည် ၅၀၀၀၀ လောက်ရှိတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒုက္ခသည်တွေ နေထိုင်တဲ့ စခန်း စုစုပေါင်း ကတော့ ၅၀ လောက်ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment

ရေးချင်ရာသာရေးတော့